Tuesday, October 13, 2015

VLAN အကြောင်းပြောကြရအောင်

Lab လည်း တော်တော်များများလုပ်ဖြစ်ပြီးပြီ။ ကျွန်တော့်အနေနဲ့ တတ်နိုင်သမျှ ကြိုးစားပြီး ရှင်းပြထားပါတယ်။ ဒီတစ်ခါတော့ VLAN ပေါ့။ Networking မှာ VLAN သည်အရေးပါလာတဲ့ အပြောများလာတဲ့ technology တစ်ခုပေါ့။ အဲဒီတော့ vlan အကြောင်းပြောရင် ၃ ပိုင်းခွဲပြီးပြောမှရမယ်။

1)    Vlan ဆိုတာဘာလဲ
2)    Vlan ကိုဘာ့ကြောင့်သုံးသင့်တာလဲ
3)    Vlan ကို ဘယ်လို configure လုပ်ရမလဲ ဆိုပြီး ၃ ပိုင်းခွဲပြောမယ်ဗျာ။

၁) vlan ဆိုတာဘာလဲ?

Vlan ဆိုတာ layer 2 broadcast domain တွေကိုခွဲခြားပေးနိုင်တဲ့ layer 2 switching technology တစ်ခုပဲဖြစ်ပါတယ်။ layer 2 switch မှာလာရောက်ချိတ်ဆက်ထားတဲ့ host တိုင်းသည် broadcast frame ကိုဖန်တီးကြပါတယ်။ တစ်နည်းအားဖြင့် ကွန်ပျူတာတစ်လုံးကနေ နောက်တစ်လုံးကို arp request လုပ်တဲ့ အခါမှာ layer 2 broadcast frame ကိုဖြစ်ပေါ်စေပါတယ်။ ဒါဟာ အခန်းတစ်ခန်းထဲမှာရှိတဲ့ လူတွေအားလုံးထဲက တစ်ယောက်ကိုလှမ်းခေါ်သလိုပါပဲ။ ဟေ့ မောင်မောင်လို့ ကျွန်တော့်ရဲ့ မနီးမဝေးမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်ကိုလှမ်းခေါ်လိုက်တယ်။ ဒါကို တစ်ခန်းလုံးကကြားမယ်။ ဘယ်သူ့ကိုခေါ်တာလဲပေါ့။ စပ်စုကြမယ်။ အဲဒီထဲကမှ မောင်မောင်ကသာလျှင် အင်း လို့ပြန်ထူးမယ်ပေါ့။ ဒါဟာ ကျွန်တော့်အနေနဲ့ broadcast တစ်ခုကိုထုတ်လွှတ်လိုက်တာပါပဲ။ မဆိုင်သူရော ဆိုင်သူတွေပါ အကုန်ကြားရတယ်။ အောက်က topology မှာဆိုရင် SALES နဲ့ TECH မှာရှိတဲ့ computer အားလုံးသည် broadcast domain တစ်ခုထဲမှာပဲရှိလို့ SALES က broadcast တွေကော TECH က broadcast တွေပါအဲဒီ network ထဲမှာရောနေမှာ။ အိုခေး ?


ပုံ (၁၈)

၂) vlan ကိုဘာ့ကြောင့်သုံးသင့်တာလဲ?

အကယ်လို့များ ကျွန်တော်က မောင်မောင်နဲ့ နှစ်ကိုယ်ကြားပြောဖို့ရှိတယ်။ ကျန်တဲ့သူတွေလည်းမသိစေချင်ဘူးပေါ့။ ဒီလိုအခြေအနေမှာ ကျွန်တော်က မောင်မောင့်ကို အခန်းတစ်ခန်းထဲခေါ်သွားတယ်။ ပြီးမှပြောစရာရှိတာပြောမယ်။ ဒီလိုဆိုရင် ကျန်တဲ့သူတွေလည်း မသိတော့ဘူး ပြောချင်တာလည်း ပြောလို့ရသွာမယ်။ ဒီလို သီးသန့် အခန်းတစ်ခုဖွဲ့လိုက်တာကို vlan လုပ်တယ်လို့ခေါ်ပါတယ်။ ပြောချင်တာက မောင်မောင်နဲ့ ကျွန်တော်သာ နှစ်ယောက်တည်းရှိတဲ့ အခန်းတစ်ခု broadcast domain တစ်ခုကိုဖန်တီးလိုက်တာပါပဲ။ ဒီတော့ security ပိုကောင်းလာမယ်။ နောက်ပြီး မဆိုင်တဲ့သူတွေအနေနဲ့လည်း နားစွင့်နေဖို့မလိုတော့ဘူးဆိုတော့ သူတို့လည်း လုပ်လက်စအလုပ်ကို ဖြောင့်ဖြောင့်လုပ်လို့ရမယ်။ ဒါဟာ vlan ဖန်တီးခြင်းရဲ့ အဓိကရည်ရွယ်ချက်ပါ။ vlan ခွဲဖို့အတွက် သီးသန့် devices တွေကိုသုံးဖို့မလိုဘူး။ physical location တွေခွဲဖို့မလိုဘူး။ cisco ရဲ့ switch တစ်ခုထဲမှာတင် vlan ပေါင်းများစွာ ခွဲထားလို့ရတယ်။ ဒီတော့ vlan တူတဲ့သူတွေအချင်းချင်းပြောကြမယ်။ vlan မတူတဲ့သူတွေ သိလည်းမသိစေဘူး အနှောင့်အယှက်လည်းမဖြစ်ဘူးလေ။ အောက်က topology မှာဆိုရင်တော့ broadcast domain နှစ်ခုကွဲသွားပြီ။ SALES နဲ့ TECH နဲ့ပေါ့။ ဒီတော့ SALES က broadcast သည် SALES ကိုပဲသွားမယ်။ TECH က broadcast သည် TECH ကိုပဲသွားမယ်။


ပုံ (၁၉)


Vlan ကို configure မလုပ်ခင်မှာ သိရမယ့် technical term and functions လေးတွေကို ကျွန်တော်အရင်ပြောပြပါ့မယ်။

Vlan trunking protocol - သူကတော့ vlan တွေကို switch နှစ်ခုကြားသယ်ဆောင်ပေးနိုင်ဖို့အတွက်သုံးတာ
ဖြစ်ပါတယ်။ Inter-Switch Link (ISL) နဲ့ IEEE 802.1q ဆိုပြီး နှစ်မျိုးရှိပါတယ်။ ISL ကတော့ cisco က develop လုပ်ထားတာဖြစ်ပြီး 802.1q ကတော့ IEEE က standard သတ်မှတ်ထားတဲ့ protocol ဖြစ်ပါတယ်။
အောက်ကပုံကိုကြည့်ရင် Switch နှစ်လုံးကြားချိတ်ဆက်ထားတဲ့ link သည် မတူညီတဲ့ vlan traffic တွေကို switch နှစ်လုံးကြားသယ်ယူပေးဖို့အတွက် လုပ်ဆောင်ပေးတဲ့ link ဖြစ်ပြီး သူ့ကို vlan trunk လို့ခေါ်ပါတယ်။ vlan trunk အနေနဲ့ လုပ်ဆောင်နိုင်အောင် control လုပ်ပေးတဲ့ protocol တွေကိုတော့ vlan trunking protocol လို့ခေါ်တာပေါ့။ အိုခေး?


ပုံ (၂၀)

Vlan tagging - သူကတော့ trunk ပေါ်မှာ သက်ဆိုင်ရာ vlan traffic တွေကို အခြား vlan traffic တွေနဲ့မရောနှောစေဖို့အတွက် layer 2 frame ကို vlan header တပ်ပေးလိုက်တာကိုခေါ်တာပါ။ အောက်ကပုံမှာပြထားပါတယ်။



ပုံ (၂၁)

ဒီတော့ VLAN ရဲ့သဘောတရားကို အနည်းငယ် တီးခေါက်မိပြီထင်ပါတယ်။ နောက်သင်ခန်းစာမှာ vlan ကို ဘယ်လိုတည်ဆောက်မယ်ဆိုတာကို lab လုပ်ကြမယ်နော်။




လေးစားစွာဖြင့်
ထူးမြတ်အောင် ( Tech-Gate)
09 422195462 

No comments:

Post a Comment